ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ရတဲ့ တကယ့် အကြောင်းရင်း
ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ရတဲ့ တကယ့် အကြောင်းရင်း
————————————–
တရုတ်
အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကို စာအုပ်တွေ အများကြီးထွက်ပြီး
ရှုထောင့်အမျိုးမျိုးက ချဉ်းကပ်သုံးသပ်ကြတဲ့အနက် “ တရုတ်ပြည်တွင်းမှာ
လူတန်းစားချင်း ကွာဟချက်ကြီးမားလာတာကြောင့် တရုတ်နဲ့
အမေရိကန်ကုန်သွယ်ရေးစစ်ဖြစ်ရတယ်” လို့ စာရေးသူ ၂ ဦးက ရေးထားတဲ့အတွက်
ထူးခြားပါတယ်။ ဒါဟာ သတင်းကောင်းပါ။ ဒီအတိုင်းဆို ကုန်သွယ်ရေးစစ်ကနေ
အမေရိကန်နဲ့ တရုတ် စစ်တကယ်ထဖြစ်ဖို့ မလိုတော့ဘူး။ တရုတ်ပြည်တွင်း မညီမမျှ
ဖြစ်မှုတွကို ပြင်ဆင်လိုက်ရင်၊ အမေရိကန်ရဲ့ ဘဏ္ဍာရေးစနစ်ကို တစ်ကမ္ဘာလုံးက
မှီခိုနေရမှုတွေကို ပြင်ဆင်လိုက်ရင် အဆင်ပြေသွားမယ်လို့ စာအုပ်က
ဆိုထားတာပါ။ စာအုပ်က ၂၀၂ဝ ထုတ်ပါ။
ဒီစာအုပ်အကြောင်း
မပြောခင်တရုတ်နဲ့အမေရိကန်ကုန်သွယ်ရေးစစ်အကြောင်းနည်းနည်းပြန်ပြောချင်ပါတယ်။
အဓိကကတော့ “တရုတ်ကနေ အမေရိကန်ကိုပဲ ရာင်းနေတယ်၊ အမေရိကန်ဆီကနေ တရုတ်က
ပြန်ဝယ်တာနည်းတယ်၊
ရလဒ်အဖြစ် အမေရိကန်လုပ်ငန်းတွေ ပုတ်ပြီး အမေရိကန်တွေ အလုပ်လက်မဲ့ဖြစ်တယ်၊
ဒါ့ကြောင့် တရုတ်က အမေရိကန်ကုန်ပစ္စည်းတွေကို ပြန်ဝယ်ပါ၊ မဝယ်ရင်
တရုတ်ပစ္စည်းတွေကို ဒဏ်ခတ် အကောက်ခွန်ကောက်ရမယ်” ဆိုပြီး အမေရိကန်က
စတိုက်ရာကနေ တရုတ်က ပြန်လက်စားချေရင်း အရှိန်တက်လာကြတာဖြစ်တယ်။
တရုတ်ဟာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုလုပ်ရင်း နိုင်ငံဟာ ကုန်ပစ္စည်းတွေ ထုတ်နိုင်စွမ်း အားကောင်းလာတယ်၊ ဈေးသက်သက်သာသာနဲ့ များများထုတ်နိုင်လာတယ်၊ ဝင်ငွေတက်လာတယ်။ ဒါပေမယ့် အဲဒီကရလာတဲ့ငွေအများစုဟာ သူဌေးတွေဆီ ရောက်ကုန်တဲ့အတွက် သူကထုတ်တဲ့ ကုန်ပစ္စည်းအများစုကို သာမန်ပြည်သူတွေက မဝယ်နိုင်တော့ဘူး။ အဲဒီအခါမှာ ကုန်ထုတ်စွမ်းအားကောင်းကောင်းနဲ့ ထုတ်ထားတဲ့ ကုန်တွေကို ပြည်ပကို ရောင်းရတော့တယ်။ ဒီကုန်တွေကို အဓိကဒိုင်ခံဝယ်နိုင်သူက အမေရိကန်ပြည်ထောင်စုပါ။ အဲလိုဝယ်နိုင်အောင်လည်း တရုတ်အပြင် တခြားနိုင်ငံတွေက အမေရိကန်ပြည်ထောင်စုမှာ သူတို့ငွေတွေကို လာထားကြတယ်။ သူတို့နိုင်ငံတွေမှာ သူတို့ထုတ်ကုန်ပစ္စည်းတွေကို ဝယ်စားမယ့်သူနည်းလာတဲ့အတွက် ရင်းနှီးမြုပ်နှံစရာ အခွင့်အလမ်းနည်းလာတာကြောင့် သူတို့စိတ်ချတဲ့ အမေရိကန်မှာ လာထားကြတာ။ အမေရိကန်မှာ အိမ်တွေခြံတွေ ပိုင်ဆိုင်မှုတွေ ဝယ်ကြတယ်။အတိုးနည်းနည်းပဲပေးတဲ့ အမေရိကန်ငွေချေးစာချုပ်တွေ ဝယ်ကြတယ်။
တစ်ကမ္ဘာလုံးသုံးတဲ့ အမေရိကန်ဒေါ်လာကလည်း ကမ္ဘာ့နိုင်ငံတွေက သဘောတူပြီးထုတ်ထားတဲ့ကမ္ဘာသုံးငွေကြေးမဟုတ်ဘဲ အမေရိကန်နိုင်ငံသုံးငွေကြေးဖြစ်တယ်။ အမေရိကန်ဟာ ပိုက်ဆံကြိုက်သလောက် ရိုက်သုံးလို့ရတယ်။ ဒါတွေကြောင့် အမေရိကန်နိုင်ငံသားတွေဟာ တရုတ်က လူအများစု မဝယ်နိုင်တဲ့ ကုန်တွေကို ဝယ်နိုင်ကြတယ်။ အဲဒီလို တရုတ်က ကုန်ပစ္စည်းတွေပဲ ဝယ်တဲ့အတွက် အမေရိကန်နိုင်ငံတွင်းက ကုန်ထုတ်လုပ်ငန်းတွေဟာ မရောင်းရတော့ဘူး၊ အလုပ်တွေပြုတ်ကြတယ်။ ဒါ့ကြောင့် အမေရိကန်သမ္မတ ထရမ့်ဟာ ရွေးကောက်ပွဲနိုင်လာတဲ့အခါ သူ့ရွေးကောက်ပွဲဝင်ကတိတွေအတိုင်း ကုန်သွယ်ရေးကို ပြန်ပြင်တယ်။ ကမ္ဘာ့နိုင်ငံတွေနဲ့ အမေရိကန်သဘောတူထားတဲ့ကုန်သွယ်ရေးသဘောတူညီချက်တွေကို ပြန်ပြင်ဖို့ ကြိုးစားတယ်။ တရုတ်နဲ့ကျတော့ ကုန်သွယ်ရေးစစ်ပါ ဖြစ်တဲ့အဆင့်ထိ ရောက်တယ်။ တကယ်တော့ ၂ ချက်လုပ်ရင် ပြေလည်တယ်လို့ စာရေးသူတွေက ဆိုပါတယ်။ တစ်ခုက တရုတ်ပြည်တွင်းမှာ ဆင်းရဲချမ်းသာ ကွာဟမှုတွေနည်းသွားအောင်လုပ်ပါ။ နောက်တစ်ခုကတော့ အမေရိကန်ဒေါ်လာဟာ တစ်ကမ္ဘာလုံးသုံးငွေဖြစ်နေတာ အပါအဝင် အမေရိကန် ဘဏ္ဍာရေးစနစ်ကို တစ်ကမ္ဘာလုံးက မှီခိုနေရတာကို အမေရိကန်ဦးဆောင်ပြီး ပြင်ဆင်သင့်တယ်။ လက်ရှိထက် ပိုကောင်းတဲ့ ကမ္ဘာ့ကုန်သွယ်ရေး ဖြစ်လာအောင် ပြင်ဆင်သင့်တယ်။
နောက်တစ်ခု ဆွးနွေးချင်တာက ဘောဂဗေဒရဲ့ အုတ်မြစ်သဘောတရား တစ်ခုဖြစ်တဲ့ Ricardo ရဲ့ ကုန်သွယ်ရေးသဘောတရားတချို့ဟာ ယနေ့ခေတ်နဲ့ မကိုက်တော့တဲ့အကြောင်း ဒီစာအုပ်မှာ ရေးထားတာကိုပါ။ Ricardo ရဲ့ အဆိုအရ နိုင်ငံတွေဟာ သူတို့အားသာချက်ရှိတဲ့ကုန်ပစ္စည်းတွေကိုပဲ ထုတ်၊ ကျန်တာတွေကို တခြားနိုင်ငံတွေဆီကနေ ဝယ်စားသင့်တယ်။ ဒါမှ အကောင်းဆုံးကုန်ပစ္စည်းတွေကို ဈေးချိုချိုနဲ့ နိုင်ငံတိုင်း သုံးစွဲနိုင်မယ်။ ဥပမာ ဗြိတိန်က အဝတ်အစားထုတ်လုပ်ရာမှာ အားကောင်းတယ်၊ ပေါ်တူဂီက ဝိုင်ဖောက်တာမှ အားသာတယ်ဆိုရင် ဗြိတိန်က အဝတ်အစားပဲထုတ်၊ ပေါ်တူဂီက ဝိုင်ပဲဖောက်။ ပြီးရင် သူတို့ ၂ နိုင်ငံ ကုန်သွယ်ရေးလုပ်ပြီး ဝိုင်ဝယ်၊ အဝတ်အစားဝယ်ကြပေါ့။ ကိုယ်သန်ရာကိုယ်ထုတ် Specialization ကို ပြောတာပါ။
၁၈ ရာစုဖွား Ricardo ရဲ့ခေတ်တုန်းက တစ်နေရာနဲ့တစ်နေရာ သွားရလာရတာဟာ ခက်တယ်၊ အန္တရာယ်များတယ်၊ အချိန်ကုန်တယ်။ ဒါ့ကြောင့် အဲ့ဒီခေတ်က ကုန်သွယ်ကြရာမှာ ကုန်ကြမ်းနဲ့ ပြုပြင်ပြီးသား ကုန်ချောတွေပဲ များတယ်။ ပြီးတော့ မိုင်ရာနဲ့ ထောင်နဲ့ချီဝေးတဲ့နေရာတွေမှာ သွားရင်းနှီးမြုပ်နှံပြီး အဝေးကနေ လှမ်းစီမံခန့်ခွဲဖို့လည်း ခက်တယ်။ ဒါ့ကြောင့် ကုန်ပစ္စည်းတွေထုတ်တဲ့အဆင့်တွေကို နိုင်ငံ ၂ ခု ၃ ခု ဖြန့်ပြီးလုပ်ဖို့၊ နောက်ဆုံးကုန်ချောအဆင့်မရောက်သေးဘဲ တဝက်တပျက်ဘဲ ချောရသေးတဲ့ ကုန်တွေကို ကုန်သွယ်ဖို့ လွန်ခဲ့တဲ့ နှစ် ၂၀၀ လောက်၊ Ricardo တို့ခေတ်က စဉ်းတောင်စဉ်းစားလို့မရဘူး။ ကနေ့ခေတ်ကတော့ လေယာဉ်ပျံ၊ သင်္ဘော၊ ရထား၊ ကားတွေပေါ်လာတဲ့အတွက် ကုန်တွေ သယ်ယူပို့ဆောင်ရ လွယ်ကူသွားပြီ။
ဆက်သွယ်ရေးနည်းပညာကြောင့် အဝေးကနေ စီမံခန့်ခွဲရလည်း လွယ်သွားပြီဖြစ်တဲ့အတွက် နိုင်ငံရပ်ခြားတွေမှာ ရင်းနှီးမြုပ်နှံစီးပွားရေးလုပ်လို့ရလာပြီ။ တစ်နေရာကနေ ကုန်ကြမ်းဝယ်၊ နောက်တစ်နေရာမှာ ကုန်ချောထုတ်ပြီး နောက်တစ်နေရာကို ပြန်ရောင်းတဲ့ Ricardo တို့ခေတ်တုန်းကလို မဟုတ်တော့ဘဲနဲ့ ကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့လုပ်ငန်းစဉ်တွေကို နိုင်ငံလေးငါးခုလောက်မှာ ဖြန့်ပြီး ထုတ်လုပ်နေကြပြီ။ တစ်ကမ္ဘာလုံးအနှံ့ဖြန့်ကျက်ထားတဲ့ global supply chain၊ global value chain တွေနဲ့ ကုန်သွယ်ရေး၊ ထုတ်လုပ်ရေး လုပ်နေကြပြီ။ စာရေးသူတွေ ပြထားတဲ့ ဥပမာတစ်ခုက သိပ်ကောင်းတယ်။ ၂၀၀၇ ခုနှစ်မှာ တရုတ်ကနေ ကွန်ပျူတာ၊ အီလက်ထရောနစ်ပစ္စည်း၊ ကင်မရာသုံးပစ္စည်းတွေ စုစုပေါင်းတန်ဖိုး ဒေါ်လာ၂၉၀ ဘီလီယံလောက် ပြည်ပကို တင်ပို့တဲ့အနက် အဲဒီပစ္စည်းတွေရဲ့ ၅ ပုံ ၂ ပုံလောက်ရှိတဲ့ ဒေါ်လာ ၁၂ဝ ဘီလီယံဖိုးလောက် အစိတ်အပိုင်းတွေက တခြားကလာတာ၊ ကိုရီးယား၊ ဂျပန်နဲ့ ထိုင်ဝမ်ကလာတာ။ ဒီလိုပဲ ဂျာမန်ကားတွေမှာလည်း အရှေ့ဥရောပနိုင်ငံတွေက ကားပစ္စည်းတွေပါတယ်။ ဒါပေမယ့် အကောက်ခွန်ဌာနတွေကထုတ်တဲ့ စာရင်းဇယားတွေမှာတော့ သူတို့ဆီဝင်လာတဲ့ သွင်းကုန်တွေရဲ့ တန်ဖိုးအားလုံးကို နောက်ဆုံးတင်ပို့လိုက်တဲ့ နိုင်ငံရဲ့ နာမည်အောက်မှာပဲ သွင်းလိုက်ကြလေ့ရှိတယ်။ အဲဒီတော့ ဒီအချက်အလက်တွေကိုပဲ ကြည့်ပြီး ကုန်သွယ်ရေးစစ်ဆင်နွှဲမယ်ဆိုရင် မဟုတ်သေးဘူးပေါ့။
ဒီစာအုပ်ထဲမှာ container shipping လို့ခေါ်တဲ့ container တွေနဲ့
ပစ္စည်းသယ်ပို့နိုင်တဲ့အချိန်မှာ ကုန်သွယ်ရေးဟာ
နောက်ထပ်တော်လှန်ပြောင်းလဲသွားတဲ့အကြောင်း ရေးထားတာလည်း
တန်ဖိုးရှိပါတယ်။
container မပေါ်ခင်က ပစ္စည်းမျိုးစုံကို မြန်မြန်ဆန်ဆန်နဲ့ အထိအခိုက်မရှိ
သယ်ပို့ဖို့ သိပ်ခက်တယ်။ container ပေါ်လာတဲ့အခါမှာ ဒီပြဿနာပြေလည်သွားပြီး
ကုန်သွယ်ရေးဟာ လျင်မြန်ချောမွေ့သွားတယ်။ ကမ္ဘာ့ကုန်သွယ်ရေးခုန်တက်သွားသလို
ကမ္ဘာ့စီးပွားရေးလည်း တဟုန်ထိုးတက်လာတယ်။
ဒီစာအုပ်ဟာ ကုန်သွယ်ရေးကို သမိုင်းနဲ့ချီပြီး ဆွးနွေးထားတဲ့အတွက်ထိပ်သီးနိုင်ငံတွေဖြစ်တဲ့ ဗြိတိန်တို့ ပြင်သစ်တို့ အမေရိကန်တို့ရဲ့ ကုန်သွယ်ရေးမူဝါဒတွေ ပြောင်းလဲလာပုံကို လေ့လာလို့ရပါတယ်။ ဟိုးရှေးက ဗြိတိန်တို့ ပြင်သစ်တို့တွေဟာ နယ်တွေချဲ့ကြ၊ ပြီးရင် အဲဒီနယ်တွေက ကုန်ကြမ်းတွေကို ဈေးချိုချိုနဲ့ဝယ်၊ သူတို့ဆီမှာထုတ်တဲ့ စက်ရုံတွေက ကုန်ချောတွေကို အဲဒီနယ်တွေမှာ ပြန်ရောင်းရင်းနဲ့ အင်ပါယာကြီးတွေ ထောင်ခဲ့ကြတယ်။ ဗြိတိန်ပိုင်တဲ့နယ်တွေနဲ့ ဗြိတိန်နဲ့ ကုန်သွယ်ရေးဟာ လွတ်လပ်စွာကုန်သွယ်ရေးပါ။ လွတ်လပ်စွာကုန်သွယ်ရေးဆိုလို့ ဗြိတိန်ကို ကိုလိုနီနယ်တွေက အပ်ချုပ်စက်တွေ သွားရောင်းလို့တော့ မရဘူးပေါ့။ ကိုလိုနီနယ်တွေက ပြန်ရောင်းနိုင်တာ ဥပမာ မြန်မာဆိုရင် ဆန်တို့ ကျွန်းသစ်တို့ လောက်ပဲဖြစ်မှာပေါ့။ ကျန်တာတော့ ဗြိတိန်ဆီက ပြန်ဝယ်စား။ ဒီလိုနဲ့ ဗြိတိန်တို့ ပြင်သစ်တို့ ကြီးပွားပြီး ကမ္ဘာ့ထိပ်သီးတွေ ဖြစ်လာခဲ့တယ်။
ကိုလိုနီနယ်တွေကတော့ ရိုးရိုးကုန်ကြမ်းလုပ်ငန်းတွေလောက်ပဲ လုပ်နိုင်ကြပြီး ကိုလိုနီပိုင်ရှင် နိုင်ငံကြီးတွေကတော့ ကုန်ချောတွေများများထုတ်ပြီး တောက်လျှောက်တတ်လာတာဟာ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်အပြီးမှာတောင် ကမ္ဘာမှာ ထိပ်သီးတွေဆက်ဖြစ်နေကြတယ်။ အမေရိကန်ကျတော့ သူ့နိုင်ငံထောင်စကာလတွေမှာ ကုန်ချောလုပ်ငန်းတွေကို ရအောင်ထောင်ဖို့ အားပေးတယ်၊ ကိုယ့်နိုင်ငံတွင်းမှာကုန်သွယ်ရေးအားကောင်းအောင်လုပ်ထားတယ်၊ ပြည်ပက ကုန်တွေကို အကောက်ခွန်ကောက်တယ်၊ ပြည်ပကို သူ့ကုန်ချောတွေ ပို့လို့ရအောင် လုပ်တယ်။ အမေရိကန်ဟာ ဗြိတိန်တို့ကို နောက်ကလိုက်ရပေမယ့် ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တွေမှာ အမေရိကန်ဆီကနေ ပြင်သစ်တို့ ဗြိတိန်တို့အပါအဝင် နိုင်ငံတွေကဝယ်စားရတာကြောင့် အမေရိကန်ကုန်ချောတွေ အရမ်းရောင်းရပြီး ကုန်သွယ်ရေးမှာ ပို့ကုန်က အားသိပ်ကောင်းသွားတဲ့ အခြေဆိုက်ခဲ့တယ်။ ၁၉၉၀ နောက်ပိုင်း ဆိုဗီယက်ပြည်ထောင်စုပြို၊ အရှေ့အုပ်စုပြိုသွားပြီးတဲ့နောက်မှာတော့ အမေရိကန်ပြည်ထောင်စုဟာ လွတ်လပ်စွာကုန်သွယ်ရေးကို မြှင့်တင်လာခဲ့ပါတယ်။ ၂၀၁၇ သမ္မတထရမ့်တက်ပြီးတဲ့အခါမှာတော့ လွတ်လပ်စွာကုန်သွယ်ရေးကနေ အမေရိကန်ပြည်ထောင်စုဟာ သွေဖည်လာခဲ့ပြန်တယ်။ ကုန်သွယ်ရေးမူဝါဒတွေဟာ နိုင်ငံရဲ့ ရည်မှန်းချက်နဲ့ ကမ္ဘာ့အခြေအနေပေါ် မူတည်ပြီး ပြောင်းနေတာကိုတွေ့ရပါတယ်။
ဒီစာအုပ်ဖတ်ရင်း မြန်မာ့ကုန်သွယ်ရေး အခြေအနေနဲ့ မြန်မာ့လားရာကို ကျွန်တော် မျှော်ကြည့်မိပါတယ်။ ဟိုတလောက ကုန်တိုက်သစ်တစ်ခုကို ရောက်သွားတဲ့အခါ ကုန်ပစ္စည်းတော်တော်များများဟာ ထိုင်းစာတွေနဲ့ ရေးထားတာ တွေ့ရတယ်။ ကျွန်တော်တို့ကရော ထိုင်းဘက်ကို ဘာတွေရောင်းနေသလဲ။ ဘာတွေရောင်းနိုင်အောင် ကြိုးစားသင့်လဲ ဒါကို ပြန်စဉ်းစားရမှာဖြစ်တယ်။ ထိုင်းဘက်က ကုန်ချောတွေကို ကိုယ်ကစားပြီး ထိုင်းဘက်ကို ကုန်ကြမ်းလောက်ပဲ ပြန်ပို့နိုင်တယ်ဆိုရင်တော့ အရင်ခေတ်က ဗြိတိန်နဲ့ မြန်မာ ဇာတ်လမ်းမျိုးလို့ပဲ အကြမ်းဖျင်းပြောနိုင်ပါတယ်။ ထိုင်းက ဗြိတိန်လို စစ်စရိတ်အကုန်ခံပြီး မြန်မာကို သိမ်းထားစရာတောင် မလိုပါဘူး။ ခေတ်ချင်း ၊ အခြေအနေချင်း အတိအကျတော့ မတူပေမယ့် အဲဒီဆန်ဆန်ဖြစ်နေပါတယ်။
ဇေယျသူ





Comments
Post a Comment